စစ်ကိုင်းမြို့သမိုင်း

စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် ဩဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူမှ ဆင်းသက် သူ အသင်္ခယာ စောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သာတိုးတိုင်း စစ်ကိုင်းတည်ဟု မှတ်သားခဲ့ကြ သည်။ စစ်ကိုင်းမြို့တည်သက္ကရာဇ်ကို သာတိုးတိုင်း စစ်ကိုင်းတည်၊ သံတံတိုင်း စစ်ကိုင်းတည်၊ သောင်တော်ထွန်း စောယွမ်း စစ်ကိုင်းတည် (၆၇၇) ဟူ၍ လင်္ကာဖြင့် အမှတ်အသားပြုကြသည်။ သာယာဝိုင်း စစ်ကိုင်းတည်(၆၈၄-ခုနှစ်)သည် စစ်ကိုင်းမြို့တည်နှစ် မဟုတ်။ စစ်ကိုင်းမြို့တည်နန်းတည်မင်း အသင်္ခယာစောယွမ်း ၏ နတ်ရွာစံသက္ကရာဇ်သာ ဖြစ်ကြောင်း၊ သက္ကရာဇ် ၆၇၇ ခုနှစ်သာလျှင် စစ်ကိုင်းမြို့တည်နန်းတည်နှစ် ဖြစ်ကြောင်း စြင်္ကံန်ကျောင်းကျောက်စာကို အကိုးအကားပြု၍ မှန်နန်းရာဇဝင်ဆရာတို့က တည့်မတ်ပေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်(ခရစ်နှစ် ၂၀၁၅)တွင် စစ်ကိုင်းမြို့တည်နန်းတည် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို စစ်ကိုင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။
ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘိုမြို့ နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ ထို့ပြင် စဉ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော် များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။ စဉ့်ကူးမင်းလက်ထက်တွင် ဘထွေးတော် ဗဒုံမင်းသည် စစ်ကိုင်းမြို့၊ ထူပါရုံစေတီနှင့် တောင်တံခါးအကြား(ယခု အိမ်တော်ရာ- အောင်မြေလောကစေတီ- ကျောက်စေတီနေရာ)တွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရသည်။ ဗဒုံမင်း အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ စစ်ကိုင်းအိမ်တော်ရာနေရာတွင် ကျောက်အုတ်တို့ဖြင့် အောင်မြေလောကစည်းခုံတော်ကို တည်ထားခဲ့သည်။
စစ်ကိုင်းဟု ခေါ်တွင်လာပုံမှာ စူဠာသမ္ဘဝနှင့် မဟာသမ္ဘာဝ ဟူသော မျက်မမြင် အမြွှာမင်းသားနှစ်ပါး မသိုးထမင်း မသိုးဟင်းနှင့် ဖောင်မျောလာရာ စစ်ကိုင်း အရပ် အရောက်တွင် မြစ်အတွင်းကိုင်းပေါက်နေသော စစ်ပင်ကြီးကိုင်းနှင့် ငြိကာ ဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း(သို့မဟုတ်) စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ် စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ်အရှေ့နောက် စကိုင်းကာ စီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှသည် စစ်ကိုင်းဟု ခေါ်ဝေါ်ကြောင်း သုတေသနပညာရှင်များ၏ မှတ်တမ်းများတွင် လေ့လာတွေ့ရှိရသည်။
စစ်ကိုင်းဆိုသည်မှာ စေကျိုင်း(မန်ကျည်းပင်ပေါသည့်အရပ်)(ရှမ်းစကား)၊ စကိုင်း(မြင်းခြေနင်းကွင်းလုပ်သည့်အရပ်)(ရှမ်းစကား)မှ ရွှေ့လျားလာသည် ဟုလည်း ဆိုပါသည်။{3}

Comments

Popular posts from this blog

အင်းဝတံတား

ဧရာဝတီ တံတား(ရတနာပုံ)

အသင်္ခယာ စောယွန်း