မြေမျက်နှာ သွင်ပြင်

စစ်ကိုင်းတွင် နုန်းတင်မြေနုလွင်ပြင်များမှ စ၍ ကျောက်တောင်များအထိ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိသည်။ စစ်ကိုင်းတောင်ရိုးမှာ ပေ ၇၀၀ ကျော်မှ ၁၃၇၄ ပေအထိ အမြင့်ရှိသည်။
စစ်ကိုင်းတောင်ရိုးသည် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးတို့ တစ်စုတစ်ဝေးတည်ရှိနေသောကြောင့် စစ်ကိုင်းမြို့၏ သဘာဝ ကျက်သရေဆောင် အဖြစ် တည်ရှိနေပေသည်။ စစ်ကိုင်းတောင်ရိုးတွင် စေတီ အများအပြား ရှိသည့် အနက် ပတ္တမြားတောင်စွယ်၌ တည်ထားသော ပတ္တမြားစေတီ၊ ပုညအမတ်ကြီး တည်ခဲ့ပြီး ဝါစဉ် ဆွမ်းကပ်မှုတွင် ဦးစွာ ကပ်လှူရသဖြင့် ဆွမ်းဦး ပုညရှင်ဟု အမည်တွင်သော စေတီ၊ ဥမင် သုံးဆယ်၊ ရှင်ပင်နံကိုင်းစေတီတို့မှာ လွန်စွာ ထင်ရှားလှ၍ နှစ်စဉ် ပွဲတော်များ ကျင်းပလေ့ရှိကြသည်။
စစ်ကိုင်းတောင်ရိုးပေါ်တွင် ဧရာဝတီမြစ်ဆီသို့ ရှုမျှော်လျင် စစ်ကိုင်းမြို့၏ အကွက်အကွင်းအပြင် သောင်ကမ်းနှင့် တောရိပ်၊ မြစ်ဆိပ်နှင့် ရေပြင်ကျယ်တို့က အတင့်အတယ် ရှိနေသဖြင့် မြို့မငြိမ်း၏ သီချင်းစာသား ထဲမှ မြစ်မင်းဧရာ ခွေကာဝိုင်းလို့၊ စစ်ကိုင်းအောက်ချာမြေ၊ ရေလှိုင်းကလေးတွေ နေရောင်မြှူးတော့ ငွေရောင်ဖြူးကာနေ ဟူသော အပိုဒ်ကို သတိရ၍ ဆိုညည်းမိကြသည်။ စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း၌ ပါရှိသော်လည်း ဤဒေသတစ်ဝိုက်ရှိ ဧရာဝတီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့ကို ဖြတ်ကျော်တိုက်ခတ်လာသော လေအေးကြောင့် ရာသီဥတု မျှတ၍ နေချင့်စဖွယ်ရှိ၏။ တောရိပ် တောင်ရိပ်၊ ကသစ်ရိပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အေးချမ်းမှုအပြင် ဓမ္မရိပ်ကြောင့်လည်း နာမ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို ပါ ရရှိနိုင်ပေသည်။

Comments

Popular posts from this blog

အင်းဝတံတား

ဧရာဝတီ တံတား(ရတနာပုံ)

အသင်္ခယာ စောယွန်း